Saturday, 20 July 2013

တေးသံရှင်ရေမွန်နှင့် တွေ့ဆုံခြင်း

လူအဂီတ တေးစီးရီးဖြင့် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် ရေမွန်နှင့် တွေ့ဆုံပြီး Idiots အဖွဲ့ရဲ့ ဒုတိယတေးစီးရီး ခေတ်သစ်ကျောက် အကြောင်း၊ S.I.R အဖွဲ့နှင့် ထွက်ရှိမည့် တေးစီးရီးအကြောင်းနှင့် မူပိုင်ခွင့်အပေါ် သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။


Voice : Idiots ဆိုပြီး အောင်မြင်လာဖို့ ဘာတွေပေးဆပ်ခဲ့ရလဲ။

RM : ကိုယ့်ဘက်က ပေးဆပ်ခဲ့ရတာတော့ တစ်ဘဝလုံးပါပဲ။ အကုန်လုံးကိုစွန့်ပြီး ဒီအလုပ်ကို လုပ်ခဲ့တာ ဆိုတော့လေ။ နောက်တစ်ချက်က ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတဲ့ အတွက် ဒီလိုပေးဆပ်ခဲ့ရတာကို ကျေနပ်ပါတယ်။

Voice : အောင်မြင်မှုရဖို့ ကြိုးစားဆဲ ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

RM : ကျွန်တော်တို့ အဖွဲ့ရဲ့ ပထမဆုံး ရှိုးဖြစ်တဲ့ Nine Planets ပွဲကိုတော့ အမြဲ အမှတ်တရ ရှိပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က Idiots အဖွဲ့ရဲ့ ထုံးစံအတိုင်း စင်ပေါ်မှာ အသားကုန်ဆိုနေတာပေါ့။ စင်အောက်မှာက ပရိသတ်က နှစ်ယောက်ပဲရှိတယ်။ အဲဒီနှစ်ယောက် ကလည်း တခြား Band က ဂစ်တာသမားတစ်ယောက်ရဲ့ မိန်းမနဲ့ ညီမပါ။ အခက်အခဲတွေ ကတော့ ရှိုးပွဲတစ်ပွဲမှာ ကိုယ်ပါမယ်ထင်ပြီး သွားတဲ့အခါ မောင်းထုတ်တာလည်း ခံရဖူးတယ်။ ရှိုးမဆိုခင် ပွဲမှာ ဆိုမယ့်သီချင်းရေးလို့ မပြီးသေးတဲ့ အတွက် မီးဖိုချောင်ထဲမှာလည်း ဝင်ရေးဖူးတယ်။

Voice : အရင်တုန်းက Harmony လည်း ဆိုခဲ့ဖူးတာဆိုတော့ ဒီအပေါ်မှာ ရေမွန်ရဲ့ခံစားမှုလေး ပြောပြပေးပါဦး။

RM : ဟာမိုနီဆိုရတာ ကျွန်တော် အရမ်းကြိုက်ပါတယ်။ ငယ်ငယ်ကတည်းက အမေ (တေးသံရှင်နှင့် ဟာမိုနီသီဆိုသူ ခင်မြတ်မွန်) နဲ့အတူ စတူဒီယိုတွေမှာ ဟာမိုနီလိုက်ခဲ့တာ ဆိုတော့ အခုအချိန်အထိ ဆိုချင်နေတုန်းပဲ။ ဒါပေမဲ့ နောက်ပိုင်းရှိုးတွေမှာ မဆိုဖြစ်တော့တာက ကိုယ့်ရုပ်ကြီး ကို မပြချင်တော့လို့ပါ။

Voice : City FM မှာ Idiots အဖွဲ့ ဆုယူတုန်းက အမေရှိမနေတော့ ဘယ်လိုခံစားရလဲ။

RM : ကျွန်တော်နဲ့ အမေက အဆက်အသွယ်ပြတ်နေတဲ့ ညအခါတွေ ရှိတယ်။ ညဘက် သီချင်းသွင်းဖို့ ရှိတဲ့အခါ ကျွန်တော်က သူငယ်ချင်း ဂစ်တာသမားအိမ်မှာ သွားအိပ်တာတွေ ရှိတယ်။ ဆုပေးပွဲ တုန်းကလည်း ကျွန်တော့်ကိုဖိတ်မယ်ဆို အမေ့ကိုလည်း ဖိတ်မှာပဲလို့ တွက်လိုက်တယ်ဗျာ။ အမေသည်လည်း ဒီလောကထဲက လူတစ်ယောက်ဆိုတော့ ဖိတ်သင့်တယ်ပေါ့။ ပွဲနေ့ကျမှ အမေ့ကို ဖိတ်မထားဘူးဆိုတာ သိရတာ။ ကျွန်တော်ဆုရတာကို အမေ့ကိုတော့ မြင်စေချင်ပါတယ်။ ကျွန်တော် ကလည်း ဒီဆုနဲ့တင် ကျေနပ်နေမယ့်သူ မဟုတ်ဘူးဆိုတော့ ဒီထက်ကြီးမားတဲ့ အခွင့်အရေး တစ်ခုရလာရင် အမေ့ကို ခေါ်လို့ရတယ်ဗျာ။ သိပ်တော့ ပြဿနာ မရှိပါဘူး။Voice : ခေတ်သစ်ကျောက် စီးရီးတွေက ဘယ်တော့လောက် ထွက်ဖြစ်မှာလဲ။

RM : ဘယ်အချိန်ထွက်မလဲ ဆိုတာတော့ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ အဓိကက ကိုယ့်ရဲ့ Mood အပေါ်မှာ မူတည်ပြီးလုပ်နေတာပေါ့။ ကျွန်တော်တို့ရဲ့ တချို့သီချင်းတွေကို ပရိသတ်တွေ ငြီးငွေ့နေပြီဆိုတာ သိပါတယ်။ ဒီတစ်ခေါက် ထွက်လာရင် S.I.R အဖွဲ့သားတွေ အကုန်လုံးပြုံပြီး ထွက်လာလိမ့်မယ်ထင်တယ်။ အောင်လတို့၊ ဖော်ကာတို့ရော အကုန်လုံး ပြုံပြီး ထွက်လာမှာ ဆိုတော့ အဲဒီအချိန်ကျမှ အကုန်လုံး အဝနားထောင်ရမှာပေါ့။

Voice : ခေတ်သစ်ကျောက်မှာက ဘယ်သူတွေရဲ့ သီချင်းတွေပါမလဲ။ သီချင်း အကြောင်း အရာပိုင်းကျတော့ ဘယ်လိုမျိုး တွေပါမလဲ။

RM : သီချင်းတွေကတော့ ကျွန်တော် တို့အဖွဲ့ရဲ့ သီချင်းတွေ ပါပဲ။အကြောင်းအရာ ပိုင်းကတော့ အချစ်သီချင်းတွေချည်းပဲ မဟုတ်ပါဘူး။ ဒီခွေမှာ အစုံ နားထောင်ရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ကြုံတွေ့နေရတဲ့ အကြောင်းတွေပါမယ်။ Music ပိုင်းကလည်း ဒုတိယခွေထက် ပိုကြမ်းသွားမယ်။

Voice : မူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော ရေမွန်ရဲ့အမြင်က ဘယ်လိုရှိလဲ။

RM : မူပိုင်ခွင့် ဆိုတာကတော့ အကုန်လုံးမှာ ရှိသင့်ပါတယ်။ စားသောက်ဆိုင် တစ်ခုကို ဝင်စားရင်တောင် ပိုက်ဆံ ပေးရမှာပဲ။ အမှန်တော့ အင်တာနက်ကနေ သီချင်း တွေကို Download လုပ်တာတို့၊ ဖုန်းအချင်းချင်း ကူးတာတို့ဆိုတာ တရားမဝင် ပါဘူး။ ပရိသတ်အစစ်တွေ ကိုတော့ Download မလုပ်စေချင်ဘူး။ ခွေအစစ်ကို ဝယ်ပြီး နားထောင်စေချင်ပါတယ်။

Credit by -The Voice Weekly

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar