Nirvana အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ကတ်ကိုဘိန်း (Kurt Cobain) ရဲ့ သြဇာဟာ သူ့မျိုးဆက်တစ်ခုလုံးအပေါ် (၈၀ နှောင်းပိုင်းနှစ်များနဲ့ ၉၀ နှစ်များ) ကြီးမားစွာ သက်ရောက်ခဲ့တယ်။ ရေဂင်ခေတ်(Reagan era) အဆုံးမှာ ပေါ်ပေါက်လာခဲ့တဲ့ Nirvana အဖွဲ့ဟာ အဲဒီအချိန်က ခေတ်စားနေတဲ့ ရော့ခ်ဂီတကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်ခဲ့တယ်။ ကတ်က ပန့်ခ် (Punk)ရဲ့ ရိုးရှင်းမှုနဲ့ အကြမ်းထည်သက်သက်ဂီတကို ပြင်းထန်ပြီး လှပတဲ့ မက်တယ်(Metal) နဲ့ ပေါင်းစပ်ခဲ့ပါတယ်။ သူ့သီချင်းစာသားတွေက စိတ်ဓါတ်ကျစရာကောင်းတယ်။ သူ့အသံက အင်မတန်နာကျင်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အသံမျိုး၊ ကတ်ဟာ လူတိုင်းကို မုန်းတီးခဲ့တယ်။ သူ့ကိုယ်သူလည်း အပါအဝင်ပေါ့။ "အသက် (၇) နှစ် အရွယ်ကစပြီး ကျွန်တော်ဟာ ယေဘုယျအားဖြင့် လူအားလုံးကို မုန်းတီးစပြုလာခဲ့တယ်" လို့ ပြောခဲ့ဖူးရဲ့။ ကတ်ကိုဘိန်းဟာ သူ့ဘဝတစ်လျှောက်လုံး အစာအိမ်အနာတွေရဲ့ ဆိုးဆိုးရွားရွားနှိပ်စက်မှုကို ခံခဲ့ရတယ်။ သူဟာ တစ်ချိန်လုံး အရက်သောက်နေခဲံတယ်။
ကတ်ကိုဘိန်းရဲ့ ဂီတဟာ ပစ္စည်းမဲ့တွေနဲ့ အပယ်ခံအုပ်စုတွေအတွက် ခိုလှုံရာ ဖြစ်လာခဲ့တယ်။ သူ့ရဲ့ "Smells Like Teen Spirit" ဟာ လောကကို စိတ်နာနေတဲ့ ဆယ်ကျော်သက်တွေရဲ့ အမျိုးသားသီချင်း ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ကတ်ဟာ အရက်အပြင် ဟီးရိုးအင်းပါ စွဲလာခဲ့တယ်။ သူ့ရဲ့အောင်မြင်မှုက သူ့အတွင်း ပဋိပက္ခနဲ့ စိုးရိမ်သောကကို ပိုမိုဆိုးရွားစေခဲ့တယ်။ နောက်ဆုံးတော့ ကိုဘိန်းဟာ သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ သတ်သေခါနီး ရေးထားတဲ့စာထဲမှာ "အကြောင်းကတော့ ငါ မင်းတို့ကို နောက်ထပ် အရူးမလုပ်ချင်တော့ဘူး" လို့ ပါလေရဲ့။
ကျွန်တော်တို့ရဲ့(မြန်မာပြည်ရဲ့) ဂီတလောကမှာလည်း ကတ်ကိုဘိန်းရဲ့သြဇာ မသေးလှပါဘူး။ ကတ်ရဲ့ဂီတဟာ အဟောင်းကို ငြီးငွေ့နေတဲ့ အသစ်ကို ငတ်မွတ်တဲ့ လူငယ်တွေရဲ့ကြားမှာ ချက်ချင်း ရေပန်းစားလာခဲ့တယ်။ Nirvana ရဲ့ "Nevermind" အယ်လ်ဘမ်ဟာ ကျွန်တော်တို့ဆီမှာ အလေးထားနားထောင်ရတဲ့ အယ်လ်ဘမ်တစ်ချပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီက Alternative ဂီတဖြစ်ထွန်းမှုဟာ ကတ်ကိုဘိန်း ရဲ့ အငွေ့အသက်တွေနဲ့ မလွတ်ကင်းခဲ့ပါဘူး။ ကတ်ရဲ့ပုံနဲ့ တီရှပ်တွေဟာလည်း လူငယ်တွေကြားမှာ ခေတ်စားလာခဲ့ပါတယ်။
"တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့ - ၃"၊ ကတ်ကိုဘိန်း၏ သြဇာ။ (ေ အာ င် ခ င် မြ င့်).
Credit: Kyaw Thurein Myint
0 comments:
Post a Comment