ကိုလေးဖြူနဲ့ ကျွန်တော်နဲက တူဝရီးတော်ပါတယ် ။ ကိုလေးဖြူက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဂစ်တာတီးသင်ပေးခဲ့တယ် ။ သူက တကယ့် Rocker ကြီးပေါ့ ။ သူက နေပုံထိုင်ပုံကအစ စကားပြောတာအဆုံး ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်းသမား။ ဟန်ဆောင်မှုမရှိဘူး ။ စိတ်လည်း တအားတိုတတ်တယ်။ တကယ်တော့ စိတ်ထက်တာပါ ။ သူမှန်တယ်ထင်ရင် မှန်တာကိုပဲ လုပ်တတ်တဲ့လူစားမျိုးလေ။ ကျွန်တော်တို့က သူအဲဒီလိုနေတာကို သဘောကျတယ်။ စိတ်ထဲရှိတဲ့ အတိုင်းအပြင်မှာ နေတာ ၊ ဘာမှ ချုပ်တည်းမှု မရှိဘဲ နေနိုင်တာမျိုးက အရမ်း အရသာရှိတာမို့ သူ့ကို ကျွန်တော်အရမ်းအားကျရတယ်။ ကျွန်တော်လည်း အဲဒီလို နေချင်ပါတယ် ။ Music နဲ့ ပတ်သတ်တဲ့အတွေးအခေါ်ကလည်း ရှေ့ကို တအားရောက်နေပြီး ကျွန်တော်တို့ မမြင်နိုင်တဲ့ ရှုထောင့်ကနေ သူကမြင်နိုင်တယ်။ လူတိုင်းမမြင်နိုင်တဲ့ထောင့်တွေကို သူကလွယ်လွယ်ကူကူမြင်တယ် ။ Music နဲ့ပတ်သတ်ပြီး သူက ကျွန်တော့်ကို သွန်သင်ဆုံးမ ပေးခဲ့ဖူးတာ အများကြီးရှိတာမို့ အဖိုး မဖြတ်နိုင်ပါဘူး ။ သူနဲ့က အမြဲတမ်းတွေ့နေတဲ့လူရင်းတွေဆိုတော့ မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုရယ်လို့ ပြောလို့ရလောက်အောင် မရှိဘူး ။ ယောကျာင်္းထဲမှာမှ တကယ့်ကို ယောကျာင်္းဆန်ဆန် နေတတ်တဲ့ ယောကျာင်္းတစ်ယောက်ဖြစ်တဲ့ သူ့လိုမျိုးနေချင်တယ်။ ဒါဟာ သူနဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ ဆန်ဒ တစ်ခုပဲ ။
နောက်ထပ်ပြောချင်တဲ့ အမျိုးသားကောင်း တစ်ယောက်ရှိသေးတယ် ။ အဲဒါကတော့ မျိုးကြီး ။ မျိုးကြီးနဲ့လည်း ကိုလေးဖြူနဲ့ပတ်သတ်ပြီး ရင်းနှီးခဲ့တာပါ ။ မျိုးကြီးရဲ့ ကျောက်စာများ စီးရီးထွက်ပြီးချိန်လောက်မှာ သူလည်း ကိုလေးဖြူအိမ်ကို အ၀င်အထွက်ရှိ၊ ကျွန်တော်လည်း အ၀င်အထွက်ရှိဆိုတော့ တွေ့ရင်းကြုံရင်း ခင်သွားကြတာ။ သူ့အတွက် ကျွန်တော်ပထမဆုံး ရေ့းပေးတဲ့ copy သီချင်းက မိန်းမရိုင်းလား နတ်သမီးလား ဆိုတဲ့သီချင်းပဲ။ သူက နောက်တီးနောက်တောက်နဲ့ ဗလွတ်ရွှတ်တတ် လျှောက်ပြောတတ်တယ် ။ ဟာသဥာဏ်ရွှင်တယ်။ သူက ရွှတ်နောက်နောက်နေတတ်တော့ သူနဲ့နေရင် အမြဲဟားနေရတာပဲ ။ အခုထွက်မယ့် သူရဲ့ owntune အခွေထဲမှာ သူ့အတွက် ကျွန်တော်ထည့်ရေးပေးထာတဲ့ သီချင်းလေးပုဒ်ပါတယ် ။ အချိန်မီသာ ပြင်ဆင်ခွင့် မရှိတော့ရင် ၊ ကတီပါလမ်းခွဲ ၊ နားနားပြီးပြော နဲ့ နောက်တစ်ပုဒ်ကတော့ခေါင်းစဉ်ပေးတုန်းပါ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရှေ့ဆက်အစီအစဉ်က owntune တွေ ဆက်လုပ်ဖို့ရှိတာကြောင့် သီချင်းတွေ အတူတူ ရေးရဥိးမယ် ။ တီးကြရဦးမယ်။ မျိုးကြီးဆိုတဲ့သူက ဟိတ်ဟန်မရှိဘူး ။ တချို့လူတွေနဲ့နေရင် တစ်သားတည်း မဖြစ်တာမျိုးတွေ ရှိတယ်လေ။ သူနဲ့နေရတာက ကိုယ့်အတွက် ကျပ်တည်းမှုမရှိဘဲ ပျော်စရာကောင်းတယ်။ နာမည်ကြီး အဆိုတော် တစ်ယောက်နဲ့ပေါင်းနေတယ် ဆိုတာ မေ့သွားလောက်အောင်ကို သူက open type ပုံစံမျိုးပါ။ သူနဲ့ စကားပြောရတာ ပျော်စရာကောင်းလို့ နောက်လည်း ဒီကောင် ဟာသတွေ အများကြီးပြောနိုင်ပါစေလို့ ဆုတောင်းပေးရမယ် ။
(( မောင်မောင်ဇော်လတ် - ၂၀၀၈ ခုနှစ် နိုဝင်ဘာ ))
Credit by-M-R-O
0 comments:
Post a Comment