Tuesday, 20 August 2013

ကိုကျားပေါက်နှင့် ဦးညီထွဋ်တို့ ပြောတဲ့ ပန့်ခ် ဂီတသည် လူရမ်းကားများ အတွက်မဟုတ်

“ပန့်ခ်ဂီတရဲ့ အနှစ်သာရကို သူတို့ ဘာမှ မသိဘူး။ ဒီခေါင်းစဉ် အောက်မှာ ရှိနေတာနဲ့ သူတို့ လုပ်ချင်တာ၊ ဆဲချင် ဆိုချင်တာ အောက်တန်း ကျကျ ရိုင်းပြလို့ ရတာတွေ အကုန် လုပ်လို့ ရတယ်လို့ ထင်နေကြတယ်” ဟု မြန်မာ နိုင်ငံတွင် ပန့်ခ်ဂီတကို ပထမဆုံး စတင်ခဲ့သူ အဆိုတော် ဟန်ထူးလွင် (ခေါ်) ကျားပေါက်က ပြောသည်။


မြန်မာလူငယ် ပရိသတ်များမှာ လွတ်လပ်မှုနှင့် ရိုင်းစိုင်းမှုကို ကွဲပြားစွာ နားလည်မှု မရှိဘဲ ပန့်ခ်ဂီတကို အားပေး လိုက်လျှင် ၎င်းတို့၏ စိတ်ထဲ ရှိသမျှ မကျေနပ်မှု များကို လွတ်လပ်စွာ ရိုင်းပြ ဖော်ထုတ်ခွင့် ရှိသည်ဟု တွေးခေါ်နေ ကြကြောင်း ကျားပေါက်က ဆိုသည်။

“လွတ်လပ်တယ်ဆိုတာ ဘယ်လိုလွတ်လပ်တာလဲ သူတို့မသိဘူး။ ရန်ဖြစ်လို့ အပြင်ကိုဆွဲထုတ်ခံရတယ်။ အဲ့ဒါကို သူတို့ဂုဏ်ယူ နေကြတယ်။ နဂိုစိတ်သဘောထားမကောင်းလို့ပါ။ အဲဒါကို အရေခွံခြုံနေကြတာ။ အဲဒီတော့ ပန့်ခ်သမားတွေကရိုင်းတယ် ဖြစ်ကုန် တာပေါ့” ဟု သူကဆက်ပြောသည်။

ထိုကဲ့သို့ ရိုင်းစိုင်းသော အတွေးအခေါ်များဖြင့် အားပေးနေသည့် ပရိသတ်များကြောင့် ပန့်ခ်ဂီတကိုဖျော်ဖြေရာတွင် ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည်ဟု ဟန်ထူးလွင်ကဆိုသည်။

“ပွဲပြီးသွားရင် စင်ကိုခဲနဲ့ပေါက်တယ်၊ ၀ိုင်းဖျက်ကြတယ်။ ဟိုတခါ ဟိုတယ်တခုမှာလုပ်တဲ့ပွဲဆိုရင်၊ ဟိုတယ်က မှန်တွေကို ဖျက်ဆီး ပစ်တယ်။ အဲဒီဟိုတယ်က ကျနော့်ကို နောက်ပိုင်း ပေးမဆိုတော့ဘူး” ဟု ကျားပေါက်က ပြောသည်။

ပွဲစီစဉ်သူများအနေဖြင့် အဆိုတော်ဟန်ထူးလွင်၏ စင်တင်ဖျော်ဖြေပွဲများ၊ ၎င်း ပါဝင်သီဆိုမည့်ပွဲများဆိုလျှင် လုံခြုံရေးတိုးမြှင့် ချထား ခြင်းများ ပြုလုပ်လာရသောကြောင့် ထည့်သွင်းသီဆိုစေခြင်းကို ရှောင်ကြဉ်လာကြကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပန့်ခ်ဂီတအမျိုးအစားအစစ်ကို အားပေးနေသည့် ပရိသတ်အတိုင်းအတာမှာ နည်းပါးလှပြီး အများစုမှာ ၎င်း၏ ပန့်ခ်သီချင်းများထဲမှ ပေါ့ပ်နှင့် ပေါင်းစပ်ထားသော ဂီတအမျိုးအစားကိုသာ အားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပန့်ခ်ဂီတအမျိုးအစား စတင်ဝင်ရောက်လာခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလများမှဖြစ်သည်။

ပန့်ခ်ဂီတသည် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် အမေရိကန်၊ ဗြိတိန်တလွှားမှ စတင်ရွေ့လျားလာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတွင်လည်း ပန့်ခ်ဂီတကိုကြိုက်နှစ်သက်သူများမှာ အသားအရောင်ခွဲခြားခြင်း၊ တခြားသော ဂီတအမျိုးအစားကို အထင်မကြီးခြင်းများ ရှိကြောင်း သိရသည်။

ပန့်ခ်ဂီတမှာ လူဖြူများ၏ ဂီတအမျိုးအစားအဖြစ် ခံယူထားသဖြင့် ၎င်းတို့၏ဂီတပွဲသို့ တခြားအသားအရောင်များ လာရောက်ခြင်းကို လက်မခံခြင်းများရှိကာ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို သဘောတရားများတွေ့မြင်နေရကြောင်း ရော့ခ်အဆိုရှင် ဇော်ဝင်းထွဋ်က ပြောသည်။

“ပန့်ခ်ကြိုက်တဲ့သူက ပန့်ခ်ကိုပဲ ဂီတထင်ပြီး ကျန်တာတွေကို လက်မခံချင်ဘူး။ ကျနော်တို့ ရော့ခ်တုန်းကလည်း ရှိခဲ့တယ်။ ဒါပေမယ့် ပန့်ခ်ရဲ့တုံ့ပြန်မှုက ပိုပြင်းထန်တယ်” ဟု ဇော်ဝင်းထွဋ်ကသုံးသပ်သည်။

၂၀၁၀ ဇန်န၀ါရီလ
Photo Credit by - #Zarni
By: Myanmar-Rock-Organization

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar