Saturday, 7 September 2013

လိဒ်ဂီတာ တီးတာကို ဝါသနာ ပါရာက အဆို ပိုင်းကို ပိုအားသန်ပြီး ဂီတလောက ထဲမှာ ရိုးသားစွာ နဲ့ ကြိုးစား ရင်း လျှောက်လှမ်းသူ ဟန်ထွန်း ...


သူယုံကြည်ရာ ဂီတကို ရိုးသားစွာ၊ လေးစားစွာ လျှောက်လှမ်းတတ် သူဖြစ်ပြီး ဂီတ ဝါသနာ ရှင်တွေ ကိုလည်း ရိုးသားစွာ လုပ်သွားဖို့ တိုက်တွန်းချင်တဲ့ ဆန္ဒရှိသူ ဖြစ်ပါတယ်။ အခုလည်း Mr. မဂ္ဂဇင်းရဲ့ မေးခွန်းတွေကို ရိုးသား ပွင့်လင်းစွာ ဖြေထားတဲ့ ဟန်ထွန်းရဲ့ အဖြေ စကား လေးတွေကို ပရိသတ်တွေ သဘောတွေ့လိမ့်မယ် လို့ မျှော်လင့်ပါတယ်။


တတိယမြောက် တစ်ကိုယ်တော် အခွေ ဖြစ်တဲ့ ‘ခေါင်းနဲ့ပန်း’ အခွေ ထဲမှာ ဘယ်လို Music တွေ ပါဝင်ပြီး အစ်ကို ဘယ်လို အားထုတ်ခဲ့တယ် ဆိုတာ ပြောပြပေးပါဦး။

‘ခေါင်းနဲ့ပန်း’ က စပြီး သီချင်း ရွေးတာကတော့ ‘ရှိနေမယ်’ ထွက်ပြီးတော့ ၂ဝဝ၉ ခုနှစ်လောက် မှာ စပြီးရွေးတာ၊ ‘ခေါင်းနဲ့ပန်း’ ထဲက သီချင်းတွေ ကို စစု တာကတော့ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်လောက်မှာ စစုတယ်။ စုရင်းနဲ့ ‘ရှိနေမယ်’ ကလည်း အသံသွင်း နေတဲ့ အချိန်၊ ‘ရှိနေမယ်’ မထွက်ခင် ကတည်းက နောက်တစ်ခွေ ကျရင်တော့ ကိုယ်ပိုင် သံစဉ် သီးသန့် တစ်ခွေလောက် လုပ်ဦးမယ် ကွာ ဆိုပြီးတော့ စိတ်ကူး နဲ့ ၂ဝဝ၆ ခုနှစ်လောက် ကတည်းကိုက သီချင်းတွေက စရှာနေပြီ။ အဲဒီအချိန်မှာ ၂ ပုဒ်လောက် လည်း ရရော ‘ရှိနေမယ်’ က ထွက်သွားရော၊ ထွက်သွားတဲ့ အချိန် မှာ ဘာဖြစ်လဲ ဆိုတော့ ‘ရှိနေမယ်’ မထွက်ခင်တုန်း က Show ဆိုကို မဆိုရတာ ဆိုစရာ သီချင်း လည်း မရှိဘူးပေါ့။ သီချင်းခွေ လည်း ထွက်ပြီးရော Show က တောက်လျှောက်ကြီး ဝင်လာတဲ့ အချိန် ကျတော့ အခွေကို ဆက် မလုပ်ဖြစ်တော့ဘူး။ သီချင်းကို လည်း Show ဆိုပြီး ပြန်လာတဲ့ အချိန် ကြုံရင် ကြုံသလို သီချင်းလေးတွေ ရှာတာပေါ့။ ၂ဝဝ၉ ခုနှစ်လောက် ကျတော့ သီချင်းတွေ တော်တော် စုံသွားပြီ။ ၁၄ ပုဒ် ၁၅ ပုဒ်လောက် ဖြစ်သွားပြီ။ အဲဒါကိုမှ ကိုယ်ပိုင် သံစဉ် ဖြစ်တဲ့ အတွက် Demo ပြန်တီးတယ်။ Demo ပြန်တီး ပြီးပြီ ဆိုတော့ ဖြုတ်လိုက်ရင်း ထည့်လိုက်ရင်း၊ ပြန် ရှာလိုက် ရင်း၊ သီချင်းတွေလည်း ထည့်လိုက်ရင်းနဲ့ ၂ဝဝ၉ နှစ်ကုန် ပိုင်းလောက် ရောက်သွားတယ်။ ၂ဝဝ၉ နှစ်ကုန် ပိုင်းလောက်မှာ Iron Cross နဲ့ ပြန်ပြီး တီးတာပေါ့။ IC က Arrangement ပြန်လုပ်ပြီးမှ တီးတယ်။ ပြီးသွားတဲ့ အချိန်မှာ ၁၂ ပုဒ်ကို ဖြတ်လိုက်တယ်။ အဲဒီ ၁၂ ပုဒ်ကို ကိုယ် ဆိုပြီးတာ နဲ့ အခု ၁ဝ ပုဒ်ကို ရွေးပြီးမှ ထုတ်လိုက်တဲ့ သဘောပါပဲ။

အစ်ကို ‘ရှိနေမယ်’ တုန်းကလည်း IC နဲ့ပဲ တီးထားတယ်နော်။

‘ရှိနေမယ်’ လည်း IC ပဲ၊ ကျွန်တော့်ရဲ့ တစ် ကိုယ်တော် အခွေတွေ အားလုံးက Iron Cross နဲ့ ပဲ တီးထားတာ။

အခု ‘ခေါင်းနဲ့ပန်း’ ကို ဗီစီဒီလုပ်နေတာ ဘယ် လောက် ပြီးသွားပြီလဲ။

ကျွန်တော် အခု နှစ်ပုဒ်ပြီးပြီ။ ၁ဝ လအတွင်း ထွက်နိုင်အောင် ကြိုးစားသွားမယ်လို့ စိတ်ကူးရှိ တယ်။

Han-Tun-2အစ်ကို အခု အခွေမှာက ကိုယ်ပိုင် သံစဉ်တွေ ချည်းပဲ ဆိုတော့ နောက်ပိုင်း ကိုရော ကိုယ်ပိုင် သံစဉ် ချည်းပဲ လုပ်သွားဖို့ ရှိလား။ Copy လေးတွေရော ဆက်လုပ်သွား ဦး မလား။

အဲဒါက အတိအကျ ပြောလို့မရဘူး။ ဘာလို့ လဲ ဆိုတော့ လက်ထဲမှာ ကလည်း Copy သီချင်း ၄၊ ၅၊ ၆ ပုဒ်ကလည်း ရှိတယ်။ Own Tune ကလည်း တစ်ပုဒ် စနှစ်ပုဒ် စလေးတွေ ကျန်နေသေး တယ်ဆို တော့ ရောလို့တော့ မရဘူးလေ။ ကျွန်တော်က အဲ ဒီ လိုရောပြီး မလုပ်တတ်ဘူး။ အရသာ မတူတဲ့ အတွက် ကြောင့် ရောမယ် ဆိုရင်တော့ စဉ်းစားရမယ်။ သတ်သတ်ပဲ လုပ်ဖြစ် မှာပါ။ Copy ၊ Own Tune တစ် ခုခုတော့ ဖြစ်ဖို့ များတာပေါ့။ အဆင်ပြေရာပေါ့လေ။ သီချင်းမြန်မြန် ပြည့်တဲ့ ဘက်ကို လိုက် မှာပေါ့လေ။

အစ်ကိုတို့ တောင်ကြီးသားတွေ ချည်းပဲ ၈ ယောက် အခွေ လုပ်နေတယ် ကြားတယ်။ ဘယ်သူတွေ ပါပြီး အစ်ကိုက ဘယ်လို သီချင်းလေးတွေ ပါမ လဲ။

အဲဒါကလည်း Own Tune ပဲ။ အားလုံး တစ်ယောက်ချင်း တစ်ပုဒ်ချင်း Own Tune ပဲ။ Group Song နှစ်ပုဒ် ပါတယ်။ ပါမယ့် သူတွေက တော့ ဘိုဖြူ၊ အယ်နောင်း၊ ကိုအောင်၊ လှိုင်ဦးမော်၊ သအို၊ နောက် ကျွန်တော်၊ အစိုင်း၊ ပူစူး။

အဲဒီ အခွေကရော ဘယ်လောက် အထိ ပြီးသွား ပြီလဲ။ ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

အဲဒါတော့ မသိဘူး။ ကျွန်တော် တို့က ဟို တစ်ယောက်စောင့်၊ ဒီတစ်ယောက် စောင့်ဆိုတော့ အဲဒီမှာ အခု တော်တော်တော့ ပြတ်သွားပြီ။ လှိုင်ဦးမော် က လည်း တောင် ကြီး က ဆင်းလာတာ ရောက်နေပြီ ဆိုတော့ သူ့ အဆိုပိုင်းကို ကျွန်တော် တို့ ဇူလိုင်၂ ရက်နေ့ည မှာဖြတ်မယ်။ ဇူလိုင် ၄ ရက် နေ့လောက် ဆိုရင် ကျွန်တော် တို့ အဆိုပိုင်း အားလုံးပြီးပြီ။ ဇူလိုင်လ လယ်လောက်မှာ Harmony လိုက်မယ်။ သြဂုတ်လ ဆန်းလောက်မှာပဲ ကျွန်တော်တို့ Mixing စဆွဲဖို့ စဉ်းစားထားတယ်။

အစ်ကို့ရဲ့ ဖြတ်သန်း လာတဲ့ ဂီတလမ်းကြောင်း မှာ ဘယ်လို ခံယူချက်မျိုးထားလဲ။

ခံယူချက်ကတော့ ကျွန်တော်က အတတ်နိုင် ဆုံးတော့ သီချင်းအပေါ်မှာ ရိုးရိုးသားသား ဆိုဖို့ ကြိုးစားတယ်။ သူများတော့ မသိဘူး။ ကျွန်တော့် ခံယူချက်က သီချင်း အပေါ်မှာ ရိုးရိုးသားသား၊ အရမ်းကြီး ကျွန်တော် ရိုးသားနေတယ်လို့ မဆိုလိုဘူးနော်။ ဒါပေမဲ့ အရိုးသား ဆုံးတော့ ဆိုနိုင်အောင် ကြိုးစားတယ်။ သီချင်းအပေါ် မှာ ပေါ့ပေါ့တန်တန် ဘယ်တော့မှ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော့် ကိုယ်ပိုင် ခံယူချက် ကတော့ ကျွန်တော့် အလုပ်ကို ကျွန်တော် တလေး တစား လုပ်တယ်။ ပြင်းပြင်းထန်ထန် ခံယူတယ်။ လေးလေးစားစား သီချင်းကို ဆိုတယ်။ ဘယ်သူ့ သီချင်းကို မဆို ကျွန်တော် လေးလေးစားစား ဆိုတယ်။ သူများ သီချင်းကို ကျွန်တော်လမ်းဘေး မှာဆို လည်း ကျွန်တော် လေးလေးစားစား ဆိုတယ်။ ကျွန်တော့် ခံယူချက် ကတော့ အဲဒါပါပဲ။

Credit - #Mrmagazine

0 comments:

Related Posts Plugin for WordPress, Blogger...
Proud Publisher of iMyanmarAds - Best Online Advertising for Myanmar